Thursday, August 7, 2008 at 5:56 PM |
ယနေ့ ကျရောက်သော ရှစ်လေးလုံး အနှစ် (၂၀) မြောက်နေ့တွင် ဆရာဖုန်းမြင့်၏ ဖြစ်ရပ်မှန် ကိုယ်တွေ့ဆောင်းပါး နောက်ဆုံးပိုင်းကို ဆက်လက်တင်ဆက်ပေးလိုက်ပါသည်။ ပြည်သူ့ဘက် ရပ်တည်သော တပ်မတော်သားများ အားလုံးကို ဤနေ့ဤရက်တွင် ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။

အော်- "ပြည်သူသာ အမိ ပြည်သူသာ အဖ " ဆိုတာ ယခင်တုန်းကတော့ ကျွန်တော်တို့ တပ်ထဲဝင်လာ ကတည်းက ကြားနေကျစကား၊ သို့သော် အမှန်ဝန်ခံရလျှင် ကျွန်တော်တို့ လေးလေးနက်နက် မတွေးခဲ့၊ မစဉ်းစားခဲ့၊ အမှတ်တမဲ့ နေခဲ့သည်။ ပြည်သူတွေနှင့် ထိတွေ့မှုနည်းခဲ့ကြသည်။ ပြည်သူတွေနှင့် ကင်းကွာခဲ့ကြသည်။ မြစိမ်းရောင်၊ ရွှေဝါမြေစသော စစ်ဆင်ရေးတွေ ထွက်ခဲ့မှုကြောင့် ပြည်သူတွေ၏ ခံစားချက်ကို အနည်းအကျဉ်း သိခဲ့ရသည်။ ယခုပြည်သူဆိုတာ ပျောက်ပြီး စစ်အာဏာရှင်တွေက တပ်မတော်သာအမိ တပ်မတော်သာ အဖ ဆိုပြီး ပြည်သူတွေကို အမှောင်တိုက်ထဲ ထည့်ထားကြသည်။ အကျဉ်းချထားကြသည်။ စော်ကားချင်တိုင်း စော်ကားနေကြသည်။ ယခု ပြည်သူသာ အမိ ပြည်သူသာ အဖ ဆိုသည့်စကား ကို စာတွေ့မဟုတ်၊ ကိုယ်တွေ့သိခဲ့ရပြီ ၊ခံစားတတ်လာရပြီ၊ ပြည်သူတွေရဲ့ တန်ဖိုး အဖိုးဖြတ် မရအောင် ကြီးမားကြောင်း ပို၍ သိခဲ့ရပြီ၊ ပြည်သူတွေသည် ကျွန်တော်တို့၏ ကျေးဇူးရှင်၊ ယခု ကျွန်တော်စားနေ ၀တ်နေ သုံးနေတာတွေသည် ကျွန်တော်တို့ ကိုယ်ပိုင်ငွေကြေး၊ ကိုယ်ပိုင်အစွမ်းအစဖြင့် စားနေ၊ ၀တ်နေ သုံးနေတာမဟုတ်၊ ကျွန်တော်တို့ မိဘရင်းတွေ ကျွေးနေ ပေးနေတာမဟုတ်၊ တပ်က ကျွေးနေ ပေးနေတာ မဟုတ်၊ ပြည်သူတွေ မရှိသည့်ကြားက ကျွေးနေ ပေးနေကြသည်။ ထမင်းထုပ်တွေ ဖွင့်ကြည့်လိုက်လျှင် ကောင်းပေ့ ညွန့်ပေ့ ဆိုသော ထမင်း ဟင်းများ ကိုတွေ့ရသည်။ ချိုချဉ် သကြားလုံးများ ထည့်ပေးလိုက်သေးသည်။ ပြည်သူတွေတောင် ကျွန်တော်တို့လောက် ကောင်းကောင်းစားရမည်မထင်၊ အ၀တ်အစား ဆင်ပေးသည်။ တယ်လီဗေးရှင်း ရေဒီယို ကက်ဆက် အပိုင်စားပေးထားသည်။ မိဘရင်းပင် ဤသို့ ထားနိုင်မည်လား၊ ပြည်သူတို့၏ မေတ္တာ စေတနာသည် ကြီးမားဘိ သည်။ ကျွန်တော်တို့ ဘေးမသီ ရန်မခအောင် အားလုံးက ၀ိုင်းဝန်း စောင့်ရှောက်ပေးသည်။ ကျွန်တော်တို့ အပြင်မထွက်လိုက်နှင့် ထွက်လိုက်သည်နှင့် ပြည်သူတွေ ၀မ်းပန်းတသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။ စစ်တပ်ကို ခါးခါးသီးသီး ရွံမုန်းနေသော ပြည်သူတို့သည် “ဒို့ကို နှိပ်ကွပ်ခဲ့သည့် အယုတ်တမာ အာဏာရှင်၏ အစွယ်အပွားတွေ” ဟု သာ သဘောထားပြီး ကျွန်တော်တို့ကို ဥပက္ခာပြု အငြိုးထားခဲ့ပါမူ ယခုလောက်ဆို ကျွန်တော်တို့၏ ကံကြမ္မာသည် တွေးပင် မတွေးရဲတော့၊ ပြည်သူတွေသည် ကျွန်တော်တို့၏ အမိအဖ ဆိုပါလျှင် ကျောင်းသူကျောင်းသားများသည် ကျွန်တော်တို့၏ ညီငယ် ညီမငယ်များသာ ဖြစ်မည်ပေါ့။ ဒီညီငယ် ညီမငယ် များသည် သူတို့၏ အကိုကြီး အကိုလတ်၊ အကိုငယ်ဖြစ်သော ကျွန်တော်တို့ကို အရိပ်တကြည့်ကြည့်ဖြင့် မျက်နှာ ညှိုးမှာကိုပင် မကြည့်ရက်၊ သူတို့ စွမ်းဆောင်နိုင်သည့် အတိုင်းအတာအထိ အစွမ်းကုန် ဖြည့်ဆည်းပေးကြသည်။ သူတို့၏ ကိုယ်ခန္ဓာကို တံတိုင်းသဖွယ် ကာရံ ပေးထားသည်။ အပြုံးပင် မပျက်ကြ၊ မငြီးငြူကြ၊ ကျွန်တော်တို့ ယူရမည့် တာဝန်ကို သူတို့ ယူနေကြရပြီ၊ သူတို့ကို နောက်မှာထားပြီး ကျွန်တော်တို့ကရှေ့မှ မားမားမတ်မတ် ရပ်တည်ပေးရမည်ပေါ့။ ကာကွယ်ပေးရမည်ပေါ့၊ ခုတော့ ပြောင်းပြန်ဖြစ်နေပါလား၊ ကျွန်တော်တို့ တာဝန်မကျေပါလား၊ ကျွန်တော်တို့ အလွန်တာဝန်မဲ့နေလေပြီ၊ သေသေချာချာ စဉ်းစားလေ အလွန်တရာ မှ ရှက်ဖို့ ကောင်းလေလေ။ (၁၃) ရက်နေ့ နေ့လယ်တွင် တပ်မှ အရာရှိတချို့နှင့် အရာခံ ဗိုလ်တချို့ ရောက်လာပြီး ရဲဘော်များ တပ်စခန်းသို့ ပြန်ဝင်လာကြရန် စည်းရုံးကြသည်။ ဤတွင် ရဲဘော်သုံးပုံတပုံလောက်မှာ ဟုတ်နိုးနိုးဖြင့် တပ်ထဲ ပြန်ဝင်လိုသူများ ပေါ်ပေါက်လာသည်။ ဤကိစ္စကို အခြေအတင် ဆွေးနွေးကြသည်။ ကျွန်တော့် ဋ္ဌာနဖြစ်သော ကက(လေ) ကလည်း တပ်ထဲ ပြန်လာရန် မကြာခဏ လာပြောသည်။ ကျွန်တော်နှင့် ဒေါ်နုနုအေးက လုံးဝပြန်မည်မဟုတ်ကြောင်း ပြန်ပြောသည်။ ကိုယ့်ဆုံးဖြတ်ချက် နှင့် ကိုယ်ထွက်လာပြီးမှ ဘာကြောင့် ပြန်ဝင်ရမည်နည်း။ ပြည်သူလူထုနှင့် ကျွန်တော့် ပတ်ဝန်းကျင်ရှိ နီးစပ်ရာတို့က ကဲ့ရဲ့လှောင်ပြောင်ကြပေ တော့မည်။ ပြီးတော့ အရေးမယူဘူးဆိုကာ လုံးဝမဖြစ်နိုင်၊ ဒီလိုလုပ်လျှင် ဒီလိုဖြစ်တတ်သည်ကို ဤအရေးအခင်းတွင် မပါဝင်ကတည်းက ကြိုတင်တွက်ဆထားပြီးဖြစ်သည်။ ကျွန်တော့်ကို ခုမှ လူအထင်ကြီး အောင် ပြောနေသည်ဟု ထင်ကောင်းထင်ကြပေမည်။ သို့သော်ခိုင်လုံသော အကြောင်းပြချက်ဖြင့် ကျွန်တော် ပြောခြင်းသာ ဖြစ်သည်။ ကျွန်တော်တို့ စစ်တပ်တွင် အလကားနေရင်း သောက်မြင်ကပ်ပုဒ်မ (၆၅) ဖြင့် အရေးယူနေတတ်သည်။ ယခုကိစ္စသည် ပုဒ်မ(၆၅) ထက် အဆပေါင်း တရာမက အပြစ်ကြီးလေးသည်။ တန်းပြည့်စစ်မှုထမ်းချိန်ဟု သတ်မှတ်၍ ရနိုင်သော ယခုလို ကာလမျိုးတွင် ဂျူတီပို့စ်မှ ကိုက်(၅၀) အကွာ ထွက်မိလျှင်ပင် ပစ်ခတ်ခွင့်ရှိလေရာ ယခု ကျွန်တော် ရောက်ရှိနေသောနေရာမှာ ဂျူတီပို့စ် မှ မိုင်ပေါင်းများစွာ ကွာဝေးနေလေပြီ၊ ကျွန်တော်တို့ ဆန္ဒပြသော စက်တင်ဘာလ(၉) ရက်နေ့သည် ကိုယ့်အိပ်ရာလိပ် ကိုယ်ယူပြီး ရုံးသို့ လာရမည်ဟု အမိန့်ထုတ်ထားသော အချိန်ကာလဖြစ်သည်။ ပြီးတော့ ကိုယ့်ဌာနအကြောင်း ကိုယ်သိသည်။ ကျွန်တော်တို့ တပ်မှူး လေ/၁၂၃၁ ဗိုလ်မှူးမြအောင်သည် ဤကိစ္စကို တာဝန်ယူမည်မဟုတ်။ စခန်းမှူး ဗိုလ်မှူးကြီးဘဆန်းကလည်း စစ်စည်းကမ်းနှင့် ပတ်သက်လျှင် တရွေးသားမျှ အလျှော့ပေးလိမ့်မည် မဟုတ်။ မျက်နှာအနေအထားကပင် ဘယ်အချိန်ကြည့်ကြည့် (ကျွန်တော်တွေ့ရသည့် အချိန်တိုင်း) တင်းမာနေသည့်လူ၊ ဒီတော့ တာဝန်ယူသည်၊ ဘာမျှမဖြစ်စေရ ဆိုသည်မှာ ရေပေါ်အရုပ်ရေးလျှင် ထင်ချင်ထင်မည်၊ စကားလေးတခွန်း (သတိမထားမိဘဲ) အမှတ်မထင် ပြောမိသည့်အတွက်ပင် ရေကြည်အိုင် ရောက်ပြီး ဘ၀ပျက်ဘူးသူတို့ ရှိခဲ့ဖူးသည်
Posted by နှင်းမိုးချယ်ရီ

0 ရေးခဲ့တယ်။:

Visit the Site
MARVEL and SPIDER-MAN: TM & 2007 Marvel Characters, Inc. Motion Picture © 2007 Columbia Pictures Industries, Inc. All Rights Reserved. 2007 Sony Pictures Digital Inc. All rights reserved. blogger template by blog forum